မိတ်ဆွေတို့ရေ လာမယ့် မတ်လ ၃ ရက်နေ့ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ Spotify အသုံးပြုလို့ မရတဲ့နိုင်ငံထဲမှာ ပါနေတဲ့အတွက် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး podcast channel အဓိက အသုံးပြုနေတဲ့ anchor platform က သူတို့ရဲ့အခမဲ့ ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအဖြစ်ကနေ မြန်မာနိုင်ငံကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ ဒီတစ်နှစ်ကျော် ကာလအတွင်းမှာ Anchor မှာ ကျွန်မတို့ episode ပေါင်း ၁၀၅ ခု၊ စုစုပေါင်း တင်ဆက်မှု ကြာချိန် ၆၁ နာရီ ၄၀ မိနစ်စာ ထုတ်လွှင့်နိုင်ခဲ့ပြီးတော့ episode တစ်ပိုင်းချင်းစီရဲ့ ပျမ်းမျှကြာချိန်က နာရီဝက်ဝန်းကျင် ဖြစ်ပါတယ်။ Anchor မှာတော့ စုစုပေါင်း နားဆင်ထားတဲ့ အကြိမ်ရေ ၂၀၀၀ နီးပါးရှိပြီးတော့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံက ပရိတ်သတ်အများစု အနေနဲ့ Apple Podcasts ကို အသုံးပြု နားဆင်ကြတာ တွေ့ရပါတယ်။ ကျွန်မတို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast က Anchor နဲ့ ခဏတာ လက်တွဲခဲ့ရပေမယ့် တစ်ကယ်ပဲ မေ့မရစရာ အမှတ်တရကောင်းတွေ ပေးစွမ်းခဲ့တယ်လို့ ဆိုရမှာပါပဲ။ ပြောရရင်တော့ Anchor Channel လေးကို အပြီးအပိုင် နှုတ်ဆက်ရမှာတွေးပြီး ကျွန်မ တစ်ကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။
ဒီနေ့တော့ မိတ်ဆွေတို့ကို ခါတိုင်းလို အပတ်စဉ် ထုတ်လွှင့်တင်ဆက်နေတဲ့ Episode အပိုင်းအလိုက် ဆက်လက်နားဆင်နိုင်ဖို့ Podcast Platform အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ RedCircle အနီရောင်စက်ဝိုင်း လို့ခေါ်တဲ့ Podcast Platform ကနေ ကျွန်မတို့ ဆက်လက်ထုတ်လွှင့်မယ့် အပိုင်းသစ်တွေအပြင် အရင် Anchor မှာထုတ်လွှင့်ခဲ့တဲ့ အပိုင်းဟောင်းတွေကိုလည်း တစ်နေရာတည်းမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Podpage လို့ခေါ်တဲ့ Podcast စာမျက်နှာကိုပါ ဖွင့်လှစ်ထားပြီးတော့ ကျွန်မတို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast ခေါင်းစဉ်အောက်မှာ အပတ်စဉ် ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်တွေကိုလည်း စိတ်ကြိုက်ရွေးချယ် နားဆင်လို့ရပါတယ်။ ကျွန်မတို့ရဲ့ Podcast အစီအစဉ်တွေကို ဒီ Redcircle Channel နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတဲ့ Apple Podcasts, Google Podcasts, Spotify, Amazon Music, Radio Public နဲ့ Stitcher တို့မှာ နားဆင်နိုင်တဲ့အပြင် MCA Network ရဲ့ Youtube Channel မှာလည်း အရင်လို ပုံမှန်လွှင့်တင်ပေးနေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ Podpage ကနေတစ်ဆင့် ဝင်ရောက်နားထောင်နိုင်တဲ့ Castro, Podcast Casts, Overcast စတဲ့ Podcast Player Application တွေမှာလည်း အကောင့်ဖွင့်ပြီး နားဆင်နိုင်ပါတယ်။ နောက်ပြီး တခြားလူသုံးများတဲ့ Podcast လမ်းကြောင်းတွေဖြစ်တဲ့ Castbox, TuneIn Radio နဲ့ Samsung Galaxy လက်ကိုင်ဖုန်း အစုံမှာသာရနိုင်တဲ့ Samsung Free ရဲ့ Samsung Podcasts တို့နဲ့ WordPress Website တို့မှာလည်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်တွေ ရှိနေပြီဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ မိမိတို့နှစ်ခြိုက်ရာ လမ်းကြောင်းကနေ အလွယ်တကူ ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျွန်မတို့ Facebook Page အပြင် Instagram, Twitter, Linkedin စတဲ့ လူမှုမီဒီယာတွေမှာလည်း MCA Network ရဲ့ Profile တွေရှိတဲ့အတွက် အပိုင်းသစ် တင်ဆက်မှုအမြည်းလို့ခေါ်တဲ့ Teaser တွေကို လွတ်မသွားရအောင် အပတ်စဉ် မိတ်ဆက်ပေးနေပါတယ်။ ကဲဒီတော့ ကျွန်မတို့ဖက်က နေရာစုံအောင် ဖန်တီးပေးထားတာဖြစ်လို့ မိတ်ဆွေဖက်က အဆင်သင့် နားထောင်ဖို့ပဲ ကျန်တော့တယ် မဟုတ်လား။
ဒီ Podcast စတင်အသက်ဝင်ခါစက ကိုပြည့်နဲ့ကျွန်မ ဆွေးနွေးခဲ့သလိုပဲ ကျွန်မတို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast နဲ့ နားဆင်သူ ပရိတ်သတ်တွေကြားမှာ အပြန်အလှန် အသက်ဝင်အောင် အကောင်အထည်ဖော်ပေးချင်တာ တစ်ခုကတော့ နားဆင်သူအဖြစ်မှ တင်ဆက်သူအဖြစ်သို့ ကူးပြောင်းပါဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဦးဆုံး မိတ်ဆက်ထုတ်လွှင့်ပြီး မိတ်ဆွေတို့ကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ တစ်ကယ်လို့ မိတ်ဆွက နားမထောင်ရသေးဘူးဆိုရင် တစ်ချက်လောက် ပြန်နားထောင်ကြည့်ပါနော်။ ကျွန်မ ဒီ Post နဲ့အတူ Link ကိုတွဲပြီး ချပေးထားပါ့မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ တင်ဆက်သူတွေ ယုံကြည်တာက မသန်စွမ်း အသိုက်အဝန်းမှာ ရှိနေကြတဲ့ အရွယ်စုံ၊ အလွှာစုံက မိတ်ဆွေတို့လို နားဆင်သူတွေအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်ပွင်းလင်းတဲ့ တွေးခေါ်ဆင်ခြင်နိုင်မှုတွေနဲ့ ဝေမျှပေးလာကြမယ့် ဘဝဇာတ်ကြောင်း အဖြစ်အပျက် အလုံးစုံဟာ ကျွန်မတို့ မြန်မာ့လူမှုနယ်ပယ်မှာ မသန်စွမ်းမှုအသိပညာတွေ ကြွယ်ဝလာစေဖို့ သာမကဘဲ မသန်စွမ်းအရေးကို အခြားသောသူတွေပါ မိမိတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်ရာ ကဏ္ဍစုံမှာ ထည့်သွင်းစဉ်းစား လုပ်ဆောင်လာနိုင်ဖို့ အသံဖော်ထုတ်မှု တစ်ခုအနေနဲ့ အထူးပဲ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ MCA Network က ဖန်တီးမှုဆိုင်ရာ နည်းပညာနဲ့ အကြံဉာဏ်တင်မကဘဲနဲ့ လက်တွေ့ကျွမ်းကျင်မှုကိုပါ လေ့ကျင့်ပျိုးထောင်ပေးဖို့ မသန်စွမ်းသူများ အကျုံးဝင် ဖန်တီးမှုနယ်ပယ်တစ်ခုကို မသန်စွမ်းလူငယ်များနဲ့အတူ မသန်စွမ်းအရေးကို စိတ်ပါဝင်စားကြသူများနဲ့ပါ လက်တွဲနိုင်ဖို့ ကျွန်မတို့ Intern လို့ခေါ်တဲ့ အလုပ်သင်အဖြစ်၊ ဒါမှမဟုတ် Talent လို့ခေါ်တဲ့ အသံ၊ အရေးအသားနဲ့ တည်းဖြတ် စွမ်းရည်ရှင်တွေအဖြစ် တစ်မျိုးမျိုးနဲ့ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားပါတယ်။ ဒီနေ့ခေတ်မှာ အတော်များများသော အကျိုးအမြတ် မမျှော်ကိုးတဲ့ အသင်းအဖွဲ့တွေ၊ Page တွေကနေပြီးတော့ Volunteer အလုပ်တွေ ခေါင်းစဉ်အစုံနဲ့ ခေါ်ကြပေမယ့် ကျွန်မတို့ကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ဖန်တီးမှုနဲ့ မသန်စွမ်းအရေးကို အချိုးကျပေါင်းစပ်ပြီး မသန်စွမ်းမှုရှုမြင်ပုံ မှန်ကန်လာအောင် တတ်အားသ၍ လုပ်ရင်းသင်ယူဖို့ စိတ်တူကိုယ်တူ လက်တွဲဖော်တွေကို ခေါ်ယူနေတာဖြစ်ပါတယ်။ ဒီအတွက် အပြန်အလှန် အားစိုက်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သူ၊ လေ့လာသင်ယူလိုစိတ် ပြင်းပြသူ၊ ကာလရှည် လုပ်ဆောင်မှုကနေ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာဖို့ စိတ်အားထက်သန်သူတွေ၊ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်သူတွေကိုပဲ ရွေးချယ်လေ့ကျင့်ပေးတာ ဖြစ်တဲ့အတွက် ကျွန်မတို့က လူအရေအတွက်ထက် အရည်အသွေးနဲ့ အရည်အချင်းကို တစိုက်မတ်မတ် အာရုံပြုထားရပါတယ်။
ဒါမှသာ ရေရှည်မှာ မိမိစိတ်ကြိုက် ဖန်တီးမှုတွေကို ကိုယ်တိုင်ဦးဆောင် လုပ်နိုင်ဖို့အတွက်လည်း အခြေခံကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် MCA Network နဲ့ လက်တွဲမိပြီဆိုရင် လေ့လာမှုနယ်ပယ်သစ်ကို ကိုယ့်အားကိုယ်ကိုးပြီး အတတ်နိုင်ဆုံး ကျယ်ပြန့်အောင် ဖြန့်ကျက်ထားနိုင်ပါမှ အလုပ်သင်တို့၊ စွမ်းရည်ရှင်တို့ စတဲ့အနေအထားကနေ လုပ်ငန်းခွင်တစ်ခုခုမှာ ပါဝင်ဆောင်ရွက်လာနိုင်တဲ့အထိ ဖန်တီးမှုနယ်ပယ်မှာ ပြန်လည်ခြေချနိုင်ဖို့ အလားအလာကောင်းတွေ ရရှိစေမှာဖြစ်ပါတယ်။ နောက်ပြီး မသန်စွမ်းမှု အမြင်သစ် သဘောတရားတွေနဲ့ ရှုမြင်တတ်တဲ့ လူငယ်တွေ တိုးလာတာနဲ့အမျှ သူတို့ပါဝင်နေတဲ့ နယ်ပယ်၊ ကဏ္ဍ၊ လူမှုအသိုက်အဝန်း ပုံစံအသီးသီးမှာ အကျုံးဝင်ထည့်သွင်း စဉ်းစားမှုတွေနဲ့အတူ ပြန်လည်အသုံးချ လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ပြောရရင် ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ပူးပေါင်းပါဝင်မှုမျိုးဖြစ်လို့ ပါဝင်လိုသူတွေဟာ မသန်စွမ်းအရေးကို အထူးပဲ စိတ်ဝင်တစားနဲ့ မသန်စွမ်း အသိုက်အဝန်းအတွက် ကိုယ့်အစွမ်းအစနဲ့ ရသလောက် အလင်းပေးဖို့ ဆန္ဒရှိသူတွေ ဖြစ်သင့်ပါတယ်။ ဒါတင်မကပါဘူး ဖန်တီးမှုနယ်ပယ်မှာ မသန်စွမ်းမှုကို ဘယ်လိုအကျုံးဝင်အောင် လှလှပပ အစွမ်းပြနိုင်မလဲဆိုတာ ကြိုးစားလုပ်ဆောင်ချင်သူတွေနဲ့ နောင်တစ်ချိန်မှာ ဖန်တီးမှုနယ်ပယ်ထဲကို ခြေချဖို့ ကိုယ်တိုင်ဦးဆောင် ဖန်တီးဖို့ အစွမ်းပြလိုသူ လူငယ်တွေနဲ့ အထူးပဲ သင့်လျော်တာ ဖြစ်ပါတယ်။ ဒီတော့ ၂၀၂၃ ခုနှစ်မှာ ပရိတ်သတ်နဲ့ ပိုမိုထိတွေ့နိုင်မယ့် ဖန်တီးမှုအစုံကို ဆက်လက်လုပ်နိုင်ဖို့ အခုနားထောင်နေတဲ့ ပရိတ်သတ်တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရမ်းကို အရေးပါလှပါတယ်။ ဒါကြောင့် Podcast အပိတ်နှုတ်ဆက်တွေမှာ ကျွန်မတို့ပြောလေ့ရှိတဲ့ စကားလေးနဲ့ပဲ ပြန်အသိပေးရမယ်ဆိုရင် အခုအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများနဲ့ မသန်စွမ်းအရေးကို မိမိတို့ရဲ့ ကျွမ်းကျင်ရာ နယ်ပယ်ကဏ္ဍအသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ပါဝင်စားသူ မည်သူ့ကိုမဆို ထပ်ဆင့်ဝေမျှပေးပြီး သတင်းကောင်းပေးဖို့ အထူးပဲ လိုပါတယ်။ သတင်းအချက်အလက်နဲ့ မေးမြန်းစုံစမ်းမှုတွေ အတွက်ဆိုရင် myanmarcinemability@gmail.comကိုလည်း ချိတ်ဆက်နိုင်သလို MCA Network ရဲ့ Telegram Channel နဲ့ Facebook Page Messenger တို့ကနေ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ သောတရှင်အားလုံး ၂၀၂၃ ခုနှစ်မှာ မသန်စွမ်းမှု အသိပညာတွေ ကြွယ်ဝပြီး အားလုံးအကျုံးဝင်တဲ့ လူမှုအသိုက်အဝန်း တစ်ခုကို အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့ ကျွန်မတို့ MCA Netowrk က ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သားတွေနဲ့အတူ ပါဝင်လက်တွဲဖန်တီးကြရအောင် နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ရပါတယ်။ နောက်အပတ် ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှာ ပြန်ဆုံကြရအောင်နော်။